ဂျာမနီနိုင်ငံ၏ ကုန်သွယ်စီးပွားအခြေအနေ Last Updated: 2023-01-11 ဂျာမနီနိုင်ငံတွင် Federal Office of Statistics (Destatis) ၏ စာရင်းထုတ်ပြန်ချက် အရ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် (၁၀) ရာခိုင်နှုန်းမှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် (၈.၆) ရာခိုင်နှုန်းသို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။ ၂၀၂၂ခုနှစ် တစ်နှစ်လုံးအနေဖြင့် (၇.၉) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်အတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၃.၁) ရာခိုင်နှုန်းရှိခဲ့ပါသည်။ စွမ်းအင်ဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်းမှာ ၂၀၂၁ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် (၂၄.၄)ရာခိုင်နှုန်းနှင့် (၂၀.၇) ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ပါသည်။ မြူးနစ်မြို့အခြေစိုက် စီးပွားရေးသုတေသနအဖွဲ့ IFO က ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၃ ခုနှစ်အတွင်း မူလခန့်မှန်းထားသည့် ပျမ်းမျှ(၇.၈)ရာခိုင်နှုန်းမှ (၆.၄) ရာခိုင်နှုန်းသို့ ရောက်ရှိလာနိုင်ကြောင်း၊ ခန့်မှန်းထားရှိပြီး ဂျာမန်ကောင်စီ စီးပွားရေး ပညာရှင် Ms.Monika Schnitzer က ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်အထိ ဖြေရှင်းရမည့်အချက် တစ်ခုအဖြစ် ရှိနေနိုင်ပြီးနောက်ပိုင်း မူလခန့်မှန်းမျှော်လင့်ထားသည့် ၂ ရာခိုင်နှုန်းဝန်းကျင် အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း သုံးသပ်ပြောကြားထားပါသည်။ ဂျာမနီနိုင်ငံတွင် ၂၀၂၂ခုနှစ်အတွင်း အလုပ်လုပ်ကိုင်သူဦးရေမှာ ပျမ်းမျှ (၄၅.၆)သန်း ရှိပြီး ၁၉၉၀ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်လာကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် အများဆုံးဖြစ်လာကြောင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် အလုပ်လုပ်ကိုင်သူ ဦးရေမှာ (၀.၈) ရာခိုင်နှုန်းအားဖြင့် ကျဆင်းခဲ့ခြင်းရှိပြီး ၂၀၂၁ခုနှစ်အတွင်း (၀.၁) ရာခိုင်နှုန်းသာ တိုးတက်လာခဲ့ကြောင်း၊ သိရှိရပါသည်။ စက်မှုလုပ်ငန်းကဏ္ဍထုတ်လုပ်မှုမှာ နိုဝင်ဘာလတွင် အောက်တိုဘာလထက် (၀.၂) ရာခိုင်နှုန်းအားဖြင့် တိုးတက်လာခဲ့ကြောင်း၊ အိမ်ယာအဆောက်အဦ ဆောက်လုပ်မှုဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်လျှင် (၁၆.၉) ရာခိုင်နှုန်းအားဖြင့် မြင့်တက်လာခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းသီးစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်အတွင်း တန်ချိန်ပေါင်း (၁.၁)သန်း စိုက်ပျိုးထွက်ရှိ ခဲ့ရာ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပျမ်းမျှစိုက်ပျိုးထွက်ရှိမှုများထက် (၁၀.၃) ရာခိုင်နှုန်း ပိုမိုထွက်ရှိခဲ့ကြောင်း၊ နွေဦးရာသီအတွင်း သစ်သီးများကောင်းစွာဖြစ်ထွန်းခဲ့ပြီး ရာသီဥတု ကောင်းမွန်မှုနှင့် ရောဂါပိုးမွှားကျရောက်မှု နည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း Federal Office of Statistics (Destatis) က ထုတ်ပြန်ထားပါသည်။ ကုန်သွယ်မှုပိုင်းအနေဖြင့် ၂၀၂၂ခုနှစ်နိုဝင်ဘာလတွင် ပို့ကုန်ပိုင်းတွင် ပို့ကုန်တန်ဘိုး ယူရို(၁၃၅.၁)ဘီလီယံရှိခဲ့ရာ ၂၀၂၁ခုနှစ် ကာလတူထက် (၁၃.၃) ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ကြောင်း၊ သွင်းကုန်ပိုင်းတွင် သွင်းကုန်တန်ဘိုး ယူရို(၁၂၄.၄) ဘီလီယံရှိခဲ့ရာ ၂၀၂၁ခုနှစ် ကာလတူထက် (၁၄.၇) ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွက် ကုန်သွယ်မှုပိုငွေ ယူရို(၁၀.၈) ဘီလီယံ ရရှိခဲ့ကြောင်း၊ ပို့ကုန်၊ သွင်းကုန်ပိုင်းတွင် အီးယူပြင်ပနိုင်ငံများအနက် အမေရိကန်၊ တရုတ်၊ယူနိုက်တက်ကင်းဒမ်းနိုင်ငံတို့နှင့် အများဆုံးကုန်သွယ်မှုပြုခဲ့ကြောင်း၊ သွင်းကုန်ဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊နိုဝင်ဘာလတွင် အောက်တိုဘာလထက် (၄.၅)ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး၂၀၂၁ခုနှစ်ကာလတူထက် (၁၄.၅) ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်ဈေးနှုန်း များမှာ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အောက်တိုဘာလထက် (၀.၅)ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး၂၀၂၁ခုနှစ်ကာလတူထက် (၁၁.၆) ရာခိုင်နှုန်းပိုမို မြင့်တက်ခဲ့ကြောင်း၊ Federal Statistical Office (Destatis) က ထုတ်ပြန် ထားပါသည်။ ယူရိုဇုန်ဒေသစီးပွားရေးအခြေအနေသုံးသပ်မှုအနေဖြင့် စီးပွားရေးကျဆင်းမှုသည် ဂျာမနီ၊ အီတလီ၊ပြင်သစ်၊စပိန် နိုင်ငံများအပါအဝင် အီးယူအဖွဲ့ဝင်နိုင်ငံများရှိ စီးပွားရေး ညွှန်ကိန်းများကို လေ့လာချက်အရ မူလခန့်မှန်းမျှော်လင့်ထားသည်ထက် အနည်းငယ်လျော့ပါးလာနိုင်ဖွယ်ရှိကြောင်း၊ S&P Global Market Intelligence မှ အကြီးတန်း စီးပွားရေးပညာရှင် Joe Hayes က ထုတ်ဖော်ပြောကြားထားပါသည်။ Source: https://www.dw.com/en/germany-inflation-falls-below-9-in-december/a-64271736 https://www.dw.com/en/eurozone-economic-downturn-milder-than-expected-report/a-64284565 https://www.destatis.de/EN/Press/2023 ( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့) Category: International News Previous Post စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့... Next Post ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် အတွင်း...
၁၄-၂-၂၀၂၅ ရက်နေ့တွင် စီးပွားရေးသံမှူးများနှင့် လုပ်ငန်းရှင်များတွ... by MyanTrade on 2025-02-05 under MSMEs ထုတ်ကုန်ပြပွဲသတင်းများ
၁၃-၂-၂၀၂၅ ရက်နေ့တွင် စီးပွားရေးသံမှူးများနှင့် လုပ်ငန်းရှင်များတွ... by MyanTrade on 2025-02-05 under MSMEs ထုတ်ကုန်ပြပွဲသတင်းများ
၁၂-၂-၂၀၂၅ ရက်နေ့တွင် စီးပွားရေးသံမှူးများနှင့် လုပ်ငန်းရှင်များတွ... by MyanTrade on 2025-02-05 under MSMEs ထုတ်ကုန်ပြပွဲသတင်းများ